Saturday, May 3, 2014

သတင်းထူးလေးပါ။

လာမယ့်နှစ် ဆိုရင် လက်ကိုင်ဖုန်းထဲ ထည့်မယ့် ဆင်ကတ်တခု ၀ယ်ရဖို့အတွက် တန်းစီစရာ လိုတော့မှာ မဟုတ်ဘူး လို့ အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီက ဒီကနေ့ ရန်ကုန်မြို့မှာ ပြောလိုက်ပါတယ်။

ကိုယ့်ရပ်ရွာထဲက ကုန်စုံဆိုင်လို နေရာမျိုးတွေမှာလွယ်လွယ်ကူကူ ၀ယ်နိုင်တော့မှာပါ လို့ အော်ရီဒူးမြန်မာရဲ့ အကြီးတန်းအရာရှိ ရော့စ်ကော်မက်က ရန်ကုန်မှာလုပ်တဲ့ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မိုဘိုင်းဖုန်းဈေးကွက် လက်ဝါးကြီးအုပ်မှုကို အစိုးရက လုံးဝ ဖြေလျှော့ပေးလိုက်ရင်တော့ သူပြောသလိုပဲ ... ကုန်ခြောက်ဆိုင်တွေမှာ ၀ယ်နိုင်ကြမှာပေါ့။
အခုတော့ မှောင်ခိုဈေးကွက်မှာ ထောင့်ငါးရာတန်ဖုန်း (G) တကတ်ကို တသိန်းခွဲနီးပါး ပေးဝယ်နေကြရတာပါ။
အစိုးရကလည်း မှောင်ခိုဈေးကွက် ပေါ်လာမှာ ကြိုပြီး ခန့်မှန်းမိမှာပါ။
(ဒီဈေးကွက်ကို အစိုးရဖန်တီးတယ်လို့ ရေးချင်ပါတယ်။ သို့သော်လည်း တရားစွဲခံရမှာစိုးလို့ တည့် မရေးတော့ပါဘူး)

တင်ဒါအောင်တဲ့ ကုမ္ပဏီ ၂ ခု ~
မြန်မာနိုင်ငံရဲ့ မိုဘိုင်း တယ်လီဖုန်းဈေးကွက်ကြီးမှာ ၀င်ရောက်လုပ်ကိုင်ဖို့ ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကို သိပ်မကြာသေးခင်က ပြုလုပ်ရာမှာ အော်ရီဒူး၊ တယ်လီနောတို့ တင်ဒါ အောင်မြင်ပါတယ်။ 

တင်ဒါ တင်သွင်းတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီ ၉ဝ ဝန်းကျင်ထဲကမှာ သူတို့ ၂ ခု မဲပေါက်ခဲ့တာပါ။ 

တင်ဒါအောင်ပေမယ့်လည်း လိုင်စင် ချမပေးသေးပါဘူး။လိုင်စင်က ဒီနှစ်မကုန်ချင် ကျလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ဒီနှစ်ကုန်ပိုင်း လုပ်ပိုင်ခွင့် ပြည့်ပြည့်၀၀ ရတဲ့အခါကျရင် အခုထက်ပိုပြီး လုပ်ကိုင်နိုင်ပါလိမ့်မယ်။

မိုဘိုင်းဖုန်းဈေးကွက်မှာ ကုမ္ပဏီ ၄ ခု ရှိလာမယ် ~

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နဲ့ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို လိုင်စင်တခု၊
ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲပြီးရင် လိုင်စင်တခု ချပေးမယ်လို့ အစိုးရက ဆိုပါတယ်။

ဒါကြောင့် ရှေ့နှစ်ထဲမှာ မိုဘိုင်းဖုန်းဆက်သွယ်ရေး မဟာဈေးကွက်ကြီးထဲ အပြိုင်ကြဲကြမယ့် ၄ ခုက

- အော်ရီဒူးမြန်မာ
- တယ်လီနောမြန်မာ
- MPT နဲ့ အခွင့်ထူးခံ MEC
- ရတနာပုံ တယ်လီပို့
တို့ ဖြစ်ပါလိမ့်မယ်။

ပြည်တွင်းကုမ္ပဏီ ၂ ခု နဲ့ ပြည်ပကုမ္ပဏီ ၂ ခုတို့ရဲ့ ပြိုင်ပွဲကြီးပေါ့။အခု ဖုန်းကတ်တခုကို ကျပ် ရှစ်သောင်း၊ တသိန်းလေးသောင်း၊ နှစ်သိန်းကျော် စသဖြင့် ဈေးအသီးသီး ရှိပေမယ့် ပြိုင်ပွဲ တာလွှတ်မယ်လို့ ယူဆရတဲ့ ရှေ့နှစ်ဆန်းပိုင်းမှာတော့ ဈေးက ၁,၅၀၀ လောက်ပဲ ပေးရတော့မယ်လို့ ထင်ပါတယ်။
(အခုလည်း အဲဒီဈေးပါပဲ။ သို့သော်လည်း ကံစမ်းမဲလိုလို လောင်းကစားလုပ်ငန်းလိုလိုတွေကြောင့် ဈေးက မှောင်ခိုဈေးဖြစ်ပြီး ကျပ် သောင်းဂဏန်း သိန်းဂဏန်း ဖြစ်နေတာပါ)

ဒီကနေ့ အော်ရီဒူးမြန်မာရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကတ်ဈေး ဘယ်လောက်အထိဖြစ်မယ်ဆိုတာကို တိတိကျကျ ပြောမသွားပါ။ အချိန်တန်ရင် တရားဝင်ကြေညာမယ်၊ အံ့အားသင့် ၀မ်းသာသွားမယ့်ဈေးနှုန်းဖြစ်လိမ့်မယ်လို့ပဲ ပြောပါတယ်။
ဖုန်းကတ် အလကားပေးခြင်း ~
မိုဘိုင်းဖုန်းဈေးကွက်လက်ဝါးကြီးအုပ်မှုမရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ သူတို့နိုင်ငံတွင်း ဆက်နိုင်တဲ့ ဆင်ကတ်တခုဈေးက ကျပ် နှစ်ထောင်လောက်ပါပဲ။ 
ကြိုက်သလောက် ကောက်ယူ ဆိုပြီး ပုံထားတာနဲ့လည်းဘန်ကောက်ရောက်ရင် ကြုံရပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ မိုဘိုင်းဖုန်းဆက်သွယ်ရေးကုမ္ပဏီတခုက ဆင်ကတ် အခမဲ့ပေးတဲ့ သတင်းကို ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ 
ဘာကြောင့် ကျပ်နှစ်ထောင်နဲ့ ရောင်းသလဲ၊ ဘာကြောင့် ဆင်ကတ် အလကား ပေးနေရသလဲ ဆိုတာကို သိပ်မကြာခင် ရေးပါအုံးမယ်။

yoieyoie

No comments:

Post a Comment